RSS

မြတ်ဗုဒ္ဓ၏ တရားဥိး

တရားဦး ဓမ္မစက်မှာ အနှစ်သာရ (၃)ချက်ရှိပါတယ်။
၁။ ရှောင်ရှားရန် အစွန်းနှစ်ဘက်၊
၂။ လိုက်နာရန် အလယ်လမ်းနှင့်
၃။ ထိုးထွင်းသိမြင်ရာ သစ္စာ(၄) ပါးတို့ ဖြစ်ကြပါတယ်။

သစ္စာတရား လေးပါး ရှိပါတယ်။
ဒီသစ္စာတရား လေးပါးကို တကယ်တမ်း မသိကြလို့ မကျင့်နိုင်ကြလို့ သတ္တဝါတွေဟာ ဘဝအသစ် အသစ်တွေကို တွယ်တာပြီး သံသရာကြီးထဲမှာ တပင်တပန်း ပြေးလွှားကျင်လည်နေကြရရှာတယ်ဆို
တာ ဗုဒ္ဓက သိတော်မူတဲ့အတွက် ဗုဒ္ဓ ပထမဆုံး ဟောပြောပြသတဲ့ ဓမ္မစကြာတရားတော်မှာ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ ဆိုတဲ့ သစ္စာလေးပါးကို ထည့်သွင်း ညွှန်ပြထားခြင်း ဖြစ်ပါတယ်။

ဒုက္ခသစ္စာ (ဆင်းရဲခြင်းအမှန်) တရားကို မူတည်၍ ဟောကြားအပ်သော ဓမ္မစကြာတရားတော်ကား ဗုဒ္ဓကိုယ်တော်တိုင် ပထမဆုံး ဟောပြောပြသည့် တရားဓမ္မ ဖြစ်ပါတယ်။
ဆင်းရဲခြင်း၏ သဘောအဓိပ္ပာယ်ကို အခြေခံသိရှိအောင် ရှင်းပြပါမယ်။

indavudayaw wrote on Oct 14, '09
ဣဒံ ခေါပန ဘိက္ခဝေ ဒုက္ခံ အရိယ သစ္စံ၊
ဇာတိပိဒုက္ခာ၊ ဇရာပိဒုက္ခာ၊
ဗျာဒိပိဒုက္ခော၊ မရဏမ္ပိဒုက္ခံ၊
အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊
ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊
ယမ္ပိစ္ဆံ နလဘတိ တမ္ပိဒုက္ခံ၊
သံ ခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။

(၁)
ဇာတိပိဒုက္ခာ

အမိဝမ်းတွင်း၌ သန္ဓေတည်နေရခြင်း၊ မွေးဖွားရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Birth is suffering.

(၂)
ဇရာပိဒုက္ခာ

အိုမင်း ရင့်ရော်ရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Aging is suffering.

(၃)
ဗျာဓိပိဒုက္ခာ

နာရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Sickness is suffering.

(၄)
မရဏမ္ပိဒုက္ခံ

သေခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Death is suffering.
Sorrow and lamentation, pain, grief and despair are suffering.

(၅)
အပိယေဟိ သမ္ပယောဂေါ ဒုက္ခော

မချစ်မနှစ်သက်သောသူတို့နှင့် အတူတကွ ပေါင်းသင်းနေထိုင်ရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Association with the unpleasant is suffering.

(၆)
ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော

ချစ်သောသူတို့နှင့် ကွေကွင်းရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Dissociation from the pleasant is suffering.

(၇)
ယမ္ပိစ္ဆံ နလမဘတိ တံပိ ဒုက္ခံ

လိုချင် တောင့်တအပ်သည်ကို မရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
Not to get what one wants is suffering.

ဒါဟာ ဗုဒ္ဓတရားရဲ့ မူလ အခြေခံအကြောင်းဖြစ်တဲ့ ဆင်းရဲခြင်း အမှန်တရား (ဒုက္ခသစ္စာ)ရဲ့ သဘောပါပဲ။

သစ္စာလေးပါးကို ရှင်းပြပါမယ်


(၁) ဒုက္ခသစ္စာ
The Noble True of suffering.

မွေးဖွားခြင်း ဆင်းရဲ၊ အိုရခြင်း ဆင်းရဲ၊ နာရခြင်း ဆင်းရဲ၊ သေရခြင်း ဆင်းရဲ၊ ဝမ်းနည်းရခြင်း၊ ပူပန်ရခြင်း၊ နာကြည်းရခြင်း၊ ကြေကွဲရခြင်း ဆင်းရဲနှင့် လိုချင် တောင့်တရာ မရ၍ ဆင်းရဲခြင်း ဆိုပြီး အချုပ်အားဖြင့် ဆင်းရဲခြင်း အကြောင်းတရား ငါးမျိုးကို ဒုက္ခသစ္စာလို့ ခေါ်ပါတယ်။

(၂) သမုဒယသစ္စာ
The Noble True of the origin of suffering.

ဆင်းရဲခြင်း၏ အကြောင်းဖြစ်တဲ့ တပ်မက်တွယ်တာမှု အမှန်တရား ဖြစ်တယ်။
ဒီတရားသဘောဟာ ဆင်းရဲခြင်းကို ဧကန် ဖြစ်စေတယ်လို့ ဗုဒ္ဓက ညွှန်ပြပါတယ်။
ဘဝအသစ်၌ တဖန် ဖြစ်ရန် တပ်မက်တွယ်တာခြင်း၊ တဏှာလောဘနှင့် ယှဉ်၍ ဖြစ်စေ၊ ရာဂနှင့် ယှဉ်၍ ဖြစ်စေ တပ်မက် တွယ်တာခြင်းမျိုးတွေဟာ သမုဒယသစ္စာ ဆိုတဲ့ အမှန်တရားတစ်ခုပဲ ဖြစ်တယ်။

(၃) နိရောဓသစ္စာ
The Noble True of the Cessation of suffering.

ဒုက္ခအပေါင်း၏ ချုပ်ငြိမ်းရာဖြစ်ကြောင်း သိအပ် မြင်အပ်တဲ့ အမှန်တရားကို ခေါ်ဆိုခြင်း ဖြစ်တယ်။
တဏှာလောဘကို ပယ်နိုင်ဖို့၊ စွန့်နိုင်ဖို့၊ ခွာနိုင်ဖို့၊ ဖြတ်တောက်နိုင်ဖို့ သိမြင် အားထုတ်အပ်တဲ့ အမှန်တရားလို့ ဆိုလိုပါတယ်။

(၄) မဂ္ဂသစ္စာ
The Noble True of the Path leading to the Cessation of suffering.

သည် မဂ္ဂသစ္စာ ဆိုတဲ့ အမှန်တရားကတော့ ဒုက္ခ၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ကို ဆိုလိုပါတယ်။
တနည်းပြောရရင် ၃၁ ဘုံက ထွက်မြောက်ရာ လမ်းပါပဲ။
သည်ကျင့်စဉ်မှာ ပါရှိတဲ့ လမ်းရှစ်သွယ်ကတော့ -

Right view- ကောင်းစွာ သိမြင်ခြင်း၊
Right thought- ကောင်းစွာ ကြံစည်ခြင်း၊
Right speech- ကောင်းစွာ ပြောဆိုခြင်း၊
Right action ကောင်းစွာ ပြုမူနေထိုင်ခြင်း၊
Right livelihood ကောင်းစွာ အသက်မွေးခြင်း၊
Right effort- ကောင်းစွာ အားထုတ်ခြင်း၊
Right mindfulness- ကောင်းစွာ အောက်မေ့ခြင်း နှင့်
Right concentration- ကောင်းစွာ တည်ကြည်ခြင်းတို့ပဲ ဖြစ်ပါတယ်။
မဂ္ဂင်ရှစ်ပါးလို့လည်း ခေါ်ပါတယ်။

နောက်ဆုံး ပြောခဲ့တဲ့ မဂ္ဂင်ရှစ်ပါးကို အစု သုံးစု ခွဲလို့ ရပါတယ်။
ပညာ၊ သိက္ခာနဲ့ သမာဓိ ဆိုတဲ့ အစု သုံးစု ဖြစ်ပါတယ်။
ပထမအစုမှာ ပါတဲ့ လမ်းနှစ်သွယ်ကတော့ ကောင်းစွာ သိမြင်ခြင်း၊ ကောင်းစွာ ကြံစည်ခြင်းတို့ပဲ ဖြစ်ပါတယ်။
ဒုတိယအစုမှာ ပါတာကတော့ ကောင်းတာ ပြောဆိုခြင်း၊ ကောင်းစွာ ပြုလုပ်ခြင်း၊ ကောင်းစွာ အသက်မွေးခြင်းဆိုတဲ့ ကျင့်စဉ် သုံးမျိုး ဖြစ်ပါတယ်။
တတိယအစုမှာ ပါတာကတော့ ကောင်းစွာ အားထုတ်ခြင်း၊ ကောင်းစွာ အောက်မေ့ခြင်း၊ ကောင်းစွာ တည်ကြည်ခြင်း ဆိုတဲ့ စူးစိုက်ခြင်း သုံးမျိုးပဲ ဖြစ်ပါတယ်။

ဗုဒ္ဓက သည် မဂ္ဂင်ရှစ်ပါး ကျင့်စဉ် ရှစ်မျိုးကို အလယ်အလတ် ကျင့်စဉ်လို့ ညွှန်ပြခဲ့တယ်။
အလယ်အလတ် ကျင့်စဉ်လို့ ဆိုရတဲ့ အကြောင်းကတော့ သည်လမ်းစဉ်ဟာ အစွန်းနှစ်ဖက်ကို ရောက်အောင် မသွားဘဲ အစွန်းနှစ်ဖက်ကို ပယ်ဖို့ပါပဲ။
ဘယ်လို အစွန်းတွေပါလဲ။
အစွန်းတစ်ခုကတော့ လောကကြီးရဲ့ သာယာမှုတွေမှာ နစ်မြုပ်ပြီး သံသရာက လွတ်ရာလွတ်ကြောင်းကို မေ့လျော့နေခြင်း ဆိုတဲ့ အစွန်းတစ်ဖက်၊
တစ်ဖက် အစွန်းတစ်ခုကတော့ မိမိကိုယ်မိမိ အလွန်အကျူး ညှင်းပန်း နှိပ်စက်ပြီး လောကကြီးက စွန့်ခွာနိုင်ဖို့ ကြိုးစားနေတဲ့ အစွန်း ဖြစ်တယ်။

သည်နှစ်ပါးမှာ ပထမအစွန်းဟာ လောကအာရုံတွေကို အလွန်အကျူး ခင်တွယ်နေတဲ့အတွက် သည်လောကကြီးက မလွတ်မြောက်နိုင်ဘူး။
ကာမချမ်းသာကိုသာ အဖန်တလဲလဲ ခံစားခြင်းဖြစ်လို့ ဗုဒ္ဓက ငြင်းပယ်ပါတယ်။
ဒုတိယအစွန်းကတော့ မိမိကိုယ်၏ ပင်ပန်းခြင်းကို အဖန်တလဲလဲ ဖြစ်စေတတ်ပြီး သည်လောကကြီးက လွတ်မြောက်အောင် မဆောင်ရွက်နိုင်တဲ့အတွက် ဗုဒ္ဓက ပယ်ခြင်း ဖြစ်ပါတယ်။

ဒါကြောင့် ဗုဒ္ဓက အထက်မှာ ပြောခဲ့တဲ့ မဂ္ဂင်ရှစ်ပါးကို အလယ်အလတ်ကျင့်စဉ်လို့ ညွှန်ပြခြင်း ဖြစ်ပါတယ်။
ဒုက္ခကို ချုပ်ငြိမ်းအောင် ပြုလုပ်တဲ့နည်းကို လက်တွေ့ဥပမာနဲ့ ပြောရရင်
အနာရောဂါတစ်ခုကို ပျောက်ကင်းအောင် ရောဂါရဲ့ အကြောင်းရင်းကို ရှာပြီး သည်ရောဂါနဲ့ ကိုက်ညီမယ့် ဆေးဝါးကို အသုံးပြု ကုသရတဲ့ ဥပမာပါပဲ။
ဒုက္ခဟာ ရောဂါဆိုပါတော့။ ရောဂါဖြစ်ရခြင်း အကြောင်းရင်းကို သိအောင် လုပ်ရသလို ဒုက္ခ ဖြစ်ရာဖြစ်ကြောင်း၊ တပ်မက်တွယ်တာမှုတွေကို တွေ့အောင် ရှာရပါတယ်။ သိအောင် မြင်အောင် လုပ်ရပါတယ်။
တွေ့ပြီဆိုတော့ အနာရောဂါတစ်ခုကို ပျောက်ကင်းနိုင်မယ့် ဆေးကို ရှာဖွေရသလို ဆေးနဲ့တူတဲ့ နည်းလမ်းကို ရှာရပါတယ်။
နောက်ဆုံး သည်ဆေးနဲ့ ပျောက်အောင် ကု ရသလို ဒုက္ခမှ လုံးလုံးလျားလျား လွတ်မြောက်အောင် သွားနိုင်တဲ့ အကျင့်ကို လက်တွေ့ ကျင့်ရပါတယ်။
သည်အကျင့်ကို အထက်က ပြောခဲ့တဲ့အတိုင်း အလယ်အလတ် အကျင့်လို့ ခေါ်ပြီး လမ်းရှစ်ပါး ပါဝင်ကြောင်း ညွှန်ပြခဲ့ခြင်း ဖြစ်ပါတယ်။

ဒီမျှဆိုရင် ဗုဒ္ဓဟာ သတ္တဝါများအပေါ် အဘယ်မျှလောက် ကရုဏာ ကြီးမားတော်မူတယ်ဆိုတာ ဓမ္မမိတ်ဆွေတို့ စဉ်းစားလို့ ရလောက်ပြီ ထင်ပါတယ်။
သည်ဘဝကနေပြီး အဖန်တလဲလဲ ဆင်းရဲကျင်လည်နေရမယ့် သံသရာမှ လွတ်မြောက်ရာ လမ်းကို ဗုဒ္ဓက ညွှန်ပြတော်မူခဲ့ပါတယ်။’

ဤသည့် ဒုက္ခ၊ သမုဒယ၊ နိရောဓ၊ မဂ္ဂ ဟူသော ဓမ္မအနှစ်လေးခုတို့သည်
သမ္မာသမ္ဗုဒ္ဓရှင်တော်မှ လွဲလျှင်
မည်သည့်တန်ခိုးရှင်တို့မှ မည်သည့်ပညာရှိတို့မှ မဟောပြနိုင်၊ မတည်ထွင်နိုင်၊
မသိရှိနိုင်၊ ဖျက်ဆီး မပြစ်နိုင်၊ ပြောင်းပြန်မလှန်နိုင်အောင် ပကတိ တည်တည်ခန့်ခန့်
အစဉ်အမြဲသာ ပြောင်းလဲမရှိ မှန်၍ မှန်၍နေသောကြောင့် သစ္စာတရားတို့ဖြစ်ကြပါတယ်။
ဤသစ္စာတရားတို့၌
သိခြင်း၊
ပယ်ခြင်း၊
ဆိုဒ်ရောက်ခြင်း၊
ကျင့်သုံခြင်း ဟူသည့် ကိစ္စ (၄)ရပ်တို့ကို အရိယာတို့သာ ပြုလုပ်နိုင်စွမ်းရှိသောကြောင့်
(သို့မဟုတ်) ဤကိစ္စ (၄)ရပ်တို့ကို တကယ်ဆောင်ရွက်နိုင်လျှင် အရိယာစစ်စစ် ဧကန်ပင်
ဖြစ်လေတော့သည် ဖြစ်ခြင်းကြောင့် အရိယာသစ္စာ လို့ခေါ်ပါတယ်။

တရားချစ်ခင် သူတော်စင် အပေါင်းတို့
ဤအရိယသစ္စာလေးပါးတို့၌ အရှိအတိုင်း၊ အမှန်အတိုင်း၊ သန့်ရှင်းကြည်လင်သော
ဥာဏဒဿန ကို မရသေးသမျှကာလပတ်လုံး သိဒ္ဓတ္ထဂေါတမသည်
လူ နတ် ဗြဟ္မာ သတ္တ၀ါလောက အတွင်း၌ သမ္မာသမ္ဗုဒ္ဓ ဟု ၀န်မခံခဲ့သေးပါ။
ဗုဒ္ဓမပွင့်မီ နှစ်တစ်ထောင်ခန့်ကာလက ဗုဒ္ဓကောလာဟလ ၏ နောက်မှာရောလိုက်၍
ဗုဒ္ဓအမည်ခံကြတဲ့ ဂိုဏ်းဆရာကြိးများသည် အရိယသစ္စာတို့ကို
သိလည်းမသိ၊ အရိယမဂ် လမ်းစဉ်ကို ကျင့်လည်း မကျင့်ကြပါပဲ
ဘုရားအမည်ကို ကြေညာခံယူကြခြင်း ဖြစ်ပါတယ်။

သိဒ္ဓတ္ထဂေါတမသည် အရိယမဂ် လမ်းစဉ်ကို တကယ်ချမှတ် တကယ် ကျင့်ခဲ့သည့် အတွက်
သမ္မာသမ္ဗုဒ္ဓ စင်စစ် ဧကန်ဖြစ်ပြီဟု သတ္တ၀ါလောက၌ ရဲရဲတင်းတင်း ခြေင်္သေ့မင်းကဲ့သို့
ကြေညာ ၀န်ခံခဲ့ခြင်း ဖြစ်ပါတယ်။
သိဒ္ဓတ္ထဂေါတမသည် အရိယသစ္စာတို့ကို သိကြောင်း၊ ဘုရားဖြစ်ကြောင်း
ဝန်ခံရုံသာမက “ငါရရှိတဲ့ ဥာဏဒဿန နှင့် စေတောဝိမုတ္တိ= ဥာဏ်အမြင်နှင့် စိတ်၏ လွတ်မြောက်ခြင်းတို့ဟာ ပြန်လည်၍ လျော့ပါးခြင်း၊ မှေးမှိန်ခြင်း၊
ပျက်စီးခြင်းမရှိ ပကတိခိုင်မြဲသော ဥာဏ်အမြင် အပြီးအတိုင် လွတ်မြောက်ခြင်းတို့
ဖြစ်ကြကုန်၏” ဟူ၍ မြတ်ဗုဒ္ဓက မိန့်ကြားတော်မူခဲ့ပါတယ်။

ဤသို့လျှင် မဟာသက္ကရာစ် ၁၀၃ ခုနှစ် ၀ါဆိုလပြည့်နေ့ ညနေခင်း ကာလ
ကာသိတိုင်း ဗာရာဏသီမြို့အနီး ဣသိပတနခေါ် မိဂဒါဝုန် သားပေါင်းစုံတဲ့ တောရဂုံမှာ
ရှောင်ရှားရန် အစွန်းနှစ်ပါး
လိုက်နာရန် အလယ်လမ်းနှင့်
ထိုးထွင်းသိမြင်ရာ သစ္စာ(၄) ပါးတို့
ပါဝင်တဲ့ ဓမ္မစက်ကို ဟောမြွက်တော်မူပြီး ဘုရားအဖြစ်ကို ကြေညာတော်မူတဲ့အခါ
ကောဏ္ဍည
ဝပ္ပ
ဘဒ္ဒိယ
မဟာနာမ
အဿဇိ တပည့် (၅) တို့ အလွန်လျှင် နှစ်သက်ဝမ်းသာ ဖြစ်ကြပါတယ်။
ခြွင်းချက်မရှိလည်း လက်ခံကြပါတယ်။
ထိုတပည့် (၅)ယောက်တို့တွင် အရှင်ကောဏ္ဍည တစ်ပါး
အရိယသစ္စာလေးပါးကို ထိုးထွင့်သိမြင်ခဲ့ပါတယ်။
အရိယာဖြစ်ပြီးသော ထိုနေ့မှာပင် အရှင်ကောဏ္ဍည ရဟန်းပြုခဲ့ပါတယ်။
ဓမ္မရတနာသည် ဗုဒ္ဓရတနာနှင့် တပြိုင်နက်တည်းပင် ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။
ဓမ္မစကြာဟောသောနေ့မှာ သံဃာရတနာ အစဥိးစွာ ပေါ်ပေါက်လာသည်ဖြစ်ခြင်းကြောင့်
ဝါဆိုလပြည့် ဓမ္မစကြာနေ့ ၀ါဆိုလပြည့် သံဃာရတနာနေ့လို့ ဆိုရမှာဖြစ်ပါတယ်။


တရားချစ်ခင် သူတော်စင် အပေါင်းတို့သည် အယူမှား ယုံမှား အကျင့်မှားတို့မှ လုံးဝကင်းစင်ပြီး
မြတ်ဗုဒ္ဓ ရဲ့ တရားတော် အတိုင်း ကျင့်ကြံပွါးများနိုင်တဲ့
သူတော်ကောင်းသူတော်မြတ်များ ဖြစ်ကြပါစေ။

အရှင်ဝရသာမိ
(သီတဂူ ဗုဒ္ဓတက္ကသိုလ်-ရန်ကုန်)
www.sbay-student.co.cc
www.sbaystudent.org
Prev: ဗုဒ္ဓ၏ ဗုဒ္ဓ၀ါဒ
Next: သီတင်းကျွတ် လပြည့် ပ၀ါရဏာနေ့
v

Buddhist Religion-သည် ဘာသာအားလုံးတို့ရဲ့ဘာသာ

၁. အလွန်လေးနက်သောဘ၀အမြင်ကို ကောင်းစွာသင်ပြပေးသော ဘာသာတခုဖြစ်ပါတယ်

၂. ထိုလေးနက်သော ဘ၀အမြင်ကို အခြေခံပြီး ဘ၀လွတ်မြောက်ရေးအတွက် ကိုယ်တိုင်ကြိုးစား
အားထုတ်ဖို့ လမ်ညွန်ပေးသော ဘာသာတခုလည်းဖြစ်ပါတယ်

၃. ကိုယ်တိုင် ကိုယ်ပိုင်ညဏ်ဖြင့် အားထုတ်သည့် အလျောက် အသိညဏ်များ တောက်ပြောင် ပွင့်လင်း
လာအောင် သင်ပြပေးသော ဘာသာတခုလည်း ဖြစ်ပါတယ်

၎. လူသားတို့၏ တန်ခိုးထက်လှစွာသော စိတ်- စေတသိတ် ကို စနစ်တကျ အသုံးချခွင့်ပေးသော
ဘာသာတခုလည်း ဖြစ်ပါတယ်

၅. ဘ၀နှင့် သေမင်းကို ရင်မဆိုင်ရဲသော သတ္တ၀ါ တို့အား ရဲရဲရင့်ရင့် တည်တည်ငြိမ်ငြိမ် ဘ၀ နှင့်
သေခြင်း ကို ရင်ဆိုင်ရဲအောင် သင်ပြပေးသော ဘာသာတခုလည်း ဖြစ်ပါတယ်

နိဂုံး အနေနဲ့ ပြောရရင်
Buddha ၀ါဒသည် ဘ၀ဒုက္ခ အားလုံးတို့ကို ပယ်ဖျောက်ပစ်ဖို့ ဘ၀ဒုက္ခ မှ
လွတ်မြောက်ဖို့ ကျင့်ရမယ့် အားထုတ်ရမယ့် စနစ်တကျ ကျင့်စဉ် တမျိုးဖြစ်ပါတယ်
ဒါကြောင့် Buddha ၀ါဒ ကို Religion လို့ဆိုရင်တော့ ဘာသာအားလုံးတို့ရဲ့ ဘာသာ
(Religion of all Religion) လို့ဆိုချင်ပါတယ်။

ကိုးကား--ဗုဒ္ဓ နှင့် ဗုဒ္ဓ၀ါဒ(သီတဂူ ဆရာတော်)
Buddhist in Neutral(ဘိက္ခု နာဒရ)

နိုင်ငံတကာတို့၏ ကိုးကွယ်သည့် ဘာသာများ

ဗုဒ္ဓ(သိဒ္ဓတ္ထ ဂေါတမမြတ်စွာဘုရား)

ခမည်းတော် -သုဒ္ဓေါဓန
မယ်တော် -မာယာဒေ၀ီ

မဟာသက္ကရာဇ် ၆၇ ခုနှစ် ၀ါဆိုလပြည့် ကြာသမတေးနေ့ ပဋိသန္ဓေယူ
မဟာသက္ကရာဇ် ၆၈ ခုနှစ် ကဆုန်လပြည့် သောကြာနေ့ ဖွားမြင်တော်မူ (BC 623)
မဟာသက္ကရာဇ် ၉၇ ခုနှစ် ၀ါဆိုလပြည့် တနလာင်္နေ့ တောထွက်
မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ဘုရားဖြစ် (BC 588)
ဝါဆိုလပြည့် စနေနေ့ ဓမ္မစကြာတရားဟော
မဟာသက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန်လပြည့် အဂါင်္နေ့ ပရိနိဗ္ဗာန်စံ (BC 543)
ဆောင်ပုဒ်။ ။ မ၊ သိ၊ ကြ၊ လျှင်၊ တွေး၊ ဆ၊ ဦး။



ထေရ၀ါဒ ဗုဒ္ဓဘာသာကို ကိုးကွယ်သည့် နိုင်ငံများ
မြန်မာ
ထိုင်း
ကမ္ဘောဒီးယား
သီရိလကာၤ
လာအုိ



မဟာယာန ဗုဒ္ဓဘာသာကို ကိုးကွယ်သည့် နိုင်ငံများ
တရုတ်
ရုရှား
ဂျပန်
ကိုးရီးယား
ဗီယက်နာမ်
ဘူတန်
(အမေရိကန် နှင့် အနောက်နိုင်ငံများတွင်လည်း ဗုဒ္ဓဘာသာ လူဦးရေထွန်းကားလျှက်ရှိ)
ကမ္ဘာပေါ်တွင် ဗုဒ္ဓကို သက်ဝင်ယုံကြည်သူ သန်း ၅၀၀ လောက်ရှိပါသည်



ခရစ်တော်(တမန်တော် ယေရှူ ဘုရား)
ရောမမြို့သက် ၇၅၃ ခုနှစ် (အောက်တေးဘီးယက်ဘုရင် ပဲလေတိုင် နန်းတော်တွင် မင်းဧကရာဇ် စည်းစိမ်ကို ခံစားစဉ်
ဘက်တလင်မြို့ တခုသော နွားတင်းကုတ် အတွင်း၌ လက်သမား အလုပ်ဖြင့် အသက်မွေးသော
အဖ ဂျိုးဇက်
အမိ မေရီ
တို့မှ သခင်ယေရှူ မည်သော သားတဦးကို ဖွားမြင်ခဲ့ပါသည်။


၁၆ ရာစုခေတ်
ဥရောပတလွားကမ္ဘာပေါ်တွင် ထင်ရှားသော ခရစ်ယာန် ဂိုဏ်းကြီးသည်
ရိုမာန်ကက်သလစ်ဂိုဏ်း
ပရိုတက်စတင့်ဂိုဏ်း ဟု ဂိုဏ်းနှစ်ဂိုဏ်း ကွဲခဲ့ပါသည်
ထိုကဲသို့ ကွဲပြီးနောက်

ဥရောပနိုင်ငံများဖြစ်သော
ဂျာမဏီမြောက်ပိုင်း
ဆွစ်ဇာလန်
ဟော်လန်(နယ်သာလန်)
ဆွိဒင်
နော်ဝေး
အင်္ဂလန်
စကော့တလန်ပြည်များသည် ပရိုတက်စတင့် ဂိုဏ်းဝင်များဖြစ်ကြသည်။

(ပရိုတက်စတင့် ဆိုသည်မှာ ရိုမာန်ကက်သလစ်ဂိုဏ်းဝင် များကို ကန့်ကွက်သူများဟု အဓိပ္ပါယ်ရပါသည်)
ဂျာမဏီတောင်ပိုင်း
အီတလီ
စပိန်
ပေါ်တူဂီ
ပြင်သစ် စသောဥရောပတောင်ပိုင်နိုင်ငံများသည် ရိုမာန်ကက်သလစ်ဂိုဏ်းဝင်များဖြစ်ကြသည်။

(ရိုမာန်ကက်သလစ် ဆိုသည်မှာ သခင်ယေရှူကို ကိုးကွယ်သူများဖြစ်ပါသည်)

ဗုဒ္ဓ နှင့် ဗုဒ္ဓဘာသာ

ဗုဒ္ဓဟူသည်
သဗ္ဗညုတဗုဒ္ဓ၊ပစ္စေကဗုဒ္ဓ၊ အနုဗုဒ္ဓ ဟု ဗုဒ္ဓ သုံးမျိုးရှိ၏။အနုဗုဒ္ဓဟူသည် အဂ္ဂသာဝက၊
မဟာသာဝက၊ ပသတိသာဝကတို့ ကိုခေါ်သည်။တစ်နည်းအားဖြင့် သဗ္ဗညုဗုဒ္ဓ၊ပစ္စေကဗုဒ္ဓ၊
စတုသစ္စ ဗုဒ္ဓ၊သုတဗုဒ္ဓဟု ဗုဒ္ဓလေးမျိုးရှိ၏။ရဟန္တာ အရှင်မြတ်အားလုံးကို စတုသစ္စဗုဒ္ဓ ဟု ခေါ်သည်။ ပရိယတ္တိ၊ပဋိပတ္တိ ဗဟုသုတရှိသူ၊သုတမယဉာဏ်ဖြင့် သိထိုက်သော ခန္ဓာအစရှိသော တရားတို့ ကို သိသောသူကို သုတဗုဒ္ဓဟုခေါ်သည်။
ဗုဒ္ဓဟူသော ပါဠိ ဘုရား၊ ပညာရှိသုခမိန်၊အသိဉာဏ်ဟု အနက်သုံးမျိုးထွက်သည်။ ဘုရားရှင်သည် သစ္စာလေးပါးတရားတို့ ကို ကိုယ်တော်တိုင်သိတော်မူသောကြောင့် ဗုဒ္ဓဟု အမည်တွင်သည်။ တနည်း ဝေနေယသတ္တဝါတို့ ကို သစ္စာလေးပါးသိမြင်အောင် ဟောပြောပြသတော်မူသောကြောင့် ဗုဒ္ဓဟု အမည်ရသည်။ တနည်း တစ်ကြောင်းတည်းသော နိဗ္ဗာန်ခရီးသို့ ကြွသွားတော်မူတတ်သောကြောင့် ဗုဒ္ဓဟု အမည်ရသည်။ တနည်း အိပ်သောယောကျာ်း နိုးသောလားသို့  ကိလေသာတွေနှင့်အိပ်ပျော်နေရာမှ နိုးကြားလာသောကြောင့်ဗုဒ္ဓအမည်ရတော်မူသည်။တစ်နည်းဝဋ်မြစ်နှစ်ပါးကိုထုတ်ဆောင်နှုတ်ပယ်တတ်သောကြောင့် ဗုဒ္ဓအမည်ရတော်မူသည်။
တစ်နည်း ပစ္စုပ္ပန်ကောင်းကျိုး၊တမလွန်ကောင်းကျိုး နှစ်မျိုးလုံးကို ထတ်ဆောင်ဖော်ပြတော်မူ သောကြောင့် ဗုဒ္ဓအမည်ရတော်မူသည်။

ဗုဒ္ဓဘာသာဟူသည်
ဗုဒ္ဓက ဘုရား၊ ဘာသာက စကား၊ ဗုဒ္ဓဘာသာဟူသည် မုချအားဖြင့် ဘုရားစကားတော်ဖြစ်သည်။ ဘုရားစကားတော်က ပိဋကတ်သုံးပုံ၊ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင် ဖြစ်သည်။တစ်နည်း ဘုရားစကားတော်က မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ စိတ်ကိုဖြူအောင်ထား ဟူသောသုံးခွန်းသာ ဖြစ်သည်။ ထိုဘုရားစကားတော်တို့ ကို ယုံကြည်လေးစား၊လိုက်နာကျင့်ဆောင်သောဗုဒ္ဓဘာသာဝင်တို့ ကို ဗုဒ္ဓဘာသာဟုခေါ်ကြသည်။

ဗုဒ္ဓဘာသာနှစ်မျိုး(ထေရဝါဒ၊ မဟာယာန)
ဗုဒ္ဓဘာသာသည် အကြမ်းဖျင်းအားဖြင့် နှစ်မျိုးရှိသည်။ ထေရဝါဒ နှင့် မဟာယာနဟူ၍
ဖြစ်သည်။ ထေရဝါဒက ဘုရားဟောပိဋကတ်ကို မွမ်းမံပြင်ဆင်မှု့ မရှိဘဲ လိုတိုးပိုလျှော့ မလုပ်ဘဲ
ဘုရားဟောမူရင်းအတိုင်း ထိန်းသိမ်းစောင့်ရှောက်လက်ခံကျင့်သုံးသည်။ မဟာယာနက ဘုရား
ဟောပိဋကတ်ကို ခောတ်အခါနှင့်လျော်ညီအောင်သူ့ အရပ်နှင့် သူ့ ဇာတ် လိုက်ဖက်အောင် ပြင်
ဆင်ဖြည့်စွက် လိုတိုးပိုလျှော့လုပ်ကာ ကျင့်သုံးသည်။ ထေရဝါဒပိဋကတ်ကဘုရားဟောမူရင်း
အော်ရီဂျင်နယ်စစ်စစ်ဖြစ်သည်။ မဟာယနပိဋကတ်က ဖြတ်ညှပ်ဆက်လုပ်ထားသည်။
ထေရဝါဒက နိရောဓချုပ်ငြိမ်းရာကို ဦးတည်သည်။ မဟာယနက ဖြစ်ခြင်း၊ စည်ပင်တိုးပွားခြင်း
ကိုဦးတည်သည်။ ထေရဝါဒနိဗ္ဗာန်က အဝေဒ ယိတသုခ-ခံစားမှု့ မဲ့ချမ်းသာ ဖြစ်သည်။
မဟာယန၏နိဗ္ဗန်က ဝေဒယိတသုခ-ခံစားမှု့  ချမ်းသာဖြစ်သည်။

ထေရဝါဒဗုဒ္ဓဘာသာလေးမျိုး
မိမိတို့ ဗုဒ္ဓဘာသာကို ခွဲမည်ဆိုလျှင်လေးမျိုးခွဲနှိုင်သည်။ မူကြိုဗုဒ္ဓဘာသာ၊မူလတန်း
ဗုဒ္ဓဘာသာ၊အလယ်တန်းဗုဒ္ဓဘာသာနှင့် အထက်တန်းဗုဒ္ဓဘာသာဟူ၍ ဖြစ်ည်။
မူကြိုဗုဒ္ဓဘာသာ
မိရိုးဖလာဗုဒ္ဓဘာသာ၊ သဒ္ဓါဗုဒ္ဓဘာသာ၊ယုံကြည်မှု့ ကိုကွယ်မှု့ တွေရောနေသော အုတ်
အရောရော၊ကျောက်အရောရော ဗုဒ္ဓဘာသာဝင်များသည် မူကြိုဗုဒ္ဓဘာသာများ ဖြစ်သည်။
ဂါထာတွေ၊ မန္တာန်တွေ၊ ယတြာတွေ၊ ဓာတ်တွေ၊ နတ်တွေ၊ ဘိုးတော်မယ်တော်တွေ၊ ရောနှောနေ
သော ဗုဒ္ဓဘာသာသည် မူကြိုဗုဒ္ဓဘာသာ ဖြစ်သည်။ မူကြိုဗုဒ္ဓဘာသာသည် လေယူရာယိမ်းတတ်သည်။သူတို့ အသိအမြင်ကမှုန်ဝါးဝါး၊ ဝေဝါးဝါးသညဖြစ်သည်။ အာဟာရချို့ တဲ့သောကလေးကဲ့သို့  ဗုဒ္ဓဘာသာအသိအမြင်အာဟာရချို့ တဲ့နေသူများဖြစ်ကြသည်။
မူလတန်းဗုဒ္ဓဘာသာ
မူလတန်းဗုဒ္ဓဘာသာသည် ကိုးကွယ်ရာသုံးမျိုး၊ ယုံကြည်ရာခြောက်မျိုး၊ အားကိုးရာ
လေးမျိုး၊ လုပ်ဆောင်စရာကျင့်ဝတ်သုံးမျိုး ရှိသည်။ကိုးကွယ်ရာသုံးမျိုးကား ဘုရား၊တရား၊ သံဃာ
ဖြစ်သည်။ဘုရားတရားသံဃာမှတပါး အခြားကိုးကွယ်လျှင် သရဏဂုံညှိုးနွမ်းသည်။သရဏဂုံညစ်နွမ်းသည်။ရတနာသုံးပါးထက် အခြားတဖက်ကို အားသာ
သွားလျှင် သရဏဂုံပျက်သည်။
မူလတန်းဗုဒ္ဓဘာသာတို့ ယုံကြည်ရမည့် ခြောက်မျိုးကား ဘုရား၊တရား၊သံဃာ၊ ကုသိုလ်ကံနှင့် အကုသိုလ်ကံ၊ ကုသိုလ်ကံ၏ကောင်းကျိုး၊အကုသိုလ်ကံ၏ဆိုးကျိုး၊ရှေ့ ဘဝ နောက်ဘဝ သံသရာဖြစ်သည်။ထိုခြောက်မျိုးမှတပါး မခြားယုံကြည်ဖွယ်ရာမရှိ၊ဗေဒင်လဲ သူ့ ဟာနဲ့ သူ မှန်ချင်မှန်မည်၊ယတြာလဲ သူ့ ဟာနှင့်သူ မှန်ချင်မှန်မည်။ ယုံချင်လျှင်ယုံလို့ ရပါသည်။
သို့ သော် ကံ ကံ၏အကျိုးနှင့်တော့ မရောလေနှင့်၊လောကီသားသည် လောကီကိစ္စနှင့် ကင်းနိုင်
မည်မဟုတ်၊လောကီသားသည်လောကီကိစ္စကိုအလေးထားသဖြင့် လောကီကိစ္စကိုသာ စိတ်ဝင်စားသည်။ ထို့ ကြောင့်လောကီကိစ္စတွေကို လုံးဝမပြစ်ပယ်လို။ သို့ သော်ဘာသာရေးနှင့်တော့ မရောလေနှင့်။ အထွတ်အမြတ်ကတော့ ရတနာသုံးပါးရှိသည်။ ရတနာသုံးပါးကိုတော့ ဘယ်အရာကမှကျော်လို့ မရ၊ ဘယ်သူမှကျော်လို့ မရ။
မူလတန်းဗုဒ္ဓဘာသာမှာ အားကိုးစရာလေးမျိုးရှိသည်။ ထိုလေးမျိုးက ကံ၊ ဉာဏ်၊ ဝီရိယ၊
ပယောဂတို့ ဖြစ်သည်။ ဘုရားဟောသည့် အတ္တာဟိ အတ္တာနော နာထော-မိမိသည်သာ
ကိုးကွယ်ရာဆိုတာ ဒါပဲဖြစ်သည်။ထိုလေးမျိုးသည်သာ မိမိ၏ အားကိုးရာအစစ်ဖြစ်သည်။
ကံကောင်းရမည်၊ဉာဏ်ကောင်းရမည်၊ဝီရိယကောင်းရမည်၊ ပယောဂဟူသည် မိမိ၏
လုပ်တတ်၊ကိုင်တတ်၊ပြောတတ်၊ဆိုတတ် ဆိုသည့်အရည်အချင်းဖြစ်သည်။ ခောတ်ပညာတွေ
တတ်ထားခြင်းသည် ပယောဂကောင်းဖို့ အထောက်အကူဖြစ်သည်။ ပညာအဆင့်မြင့်သလောက်
ပယောဂလည်း အဆင့်မြင့်သည်၊ဆိုက်ကားနင်း၊ကားမောင်း၊ဈေးရောင်းကစပြီး မိမိတတ်ကျွမ်း
သလောက် မိမိပယောဂကောင်းသည်။
ကံက အတိတ်ကံနှင့်လက်ရှိပစ္စုပ္ပန်ကံ နှစ်မျိုးရှိသည်။ ပစ္စုပ္ပန်ကံဆိုတာ အလုပ်ပင်ဖြစ်
သည်။ ပယောဂဆိုသည့် ပညာကောင်းကောင်းတတ်ထားလေ အလုပ်ကောင်းလေဖြစ်သည်။
အလုပ်ကောင်းလေကံကောင်းလေဖြစ်သည်။ အလုပ်ကလည်းကောင်းရမည်။ ကိုယ်လုပ်သည့်
အလုပ်ကိုလည်း အကောင်းဆုံးဖြစ်အောင် အကောင်းဆုံးစိတ်စေတနာနှင့်လုပ်ရမည်။ အကောင်း
ဆုံးအစွမ်းအစကို ထုတ်ဖော်အသုံးပြုလုပ်ကိုင်ရမည်။ အလုပ်ကံကိုထားလိုက်တော့၊ပစ္စုပ္ပန်ကို
တော့အကောင်းဆုံးဖြစ်အောင် လုပ်ရမည်။
ဉာဏ်ကောင်းဖို့ အတွက် ပညာဗဟုသုတလိုသည်။ပညာဗဟုသုတလေ့လာလိုက်စားရ
မည်။သိချင်စိတ်တတ်ချင်စိတ်ရှိရမည်။ သိအောင်တတ်အောင် ဆည်းပူးအားထုတ်ရမည်၊များများ
မေးရမည်၊ အမေးအမြန်းထူရမည်။ စာများများဖတ်ရမည်၊ စာဆိုလျှင်တွေ့ သမျှစာ အကုန်ဖတ်
သင့်သည်၊ ဉာဏ်ဆိုတာ တကယ်ဓမ္မသဘောဆောင်သည့် ဉာဏ်မဟုတ်၊ လောကီရေးရာ နှံ့ နှံ့ 
စပ်စပ် သိသော ဉာဏ်ကိုသာဆိုလိုသည်။ ခေတ်ပြောပြောရလျှင် ခေါင်းကောင်းရမည်၊ဦးနှောက်
ကောင်းရမည်။ ထို့ အတွက် စာပေဗဟုသုတ လေ့လာလိုက်စားရမည်။
မူလတန်းဗုဒ္ဓဘာသာမှာ ကျင့်စဉ်သုံးမျိုးသာရှိသည်။ ဒါနပြုရမည်၊ ဥပုသ်သီတင်းဆောက်
တည်ရမည်၊တရားဘာဝနာ အားထုတ်ရမည်။ ဒါနပြုတာကလောဘနည်းဖို့ ၊မေတ္တာအားကောင်း
ဖို့ ၊ ဥပုသ်သီတင်းဆောက်တည်တာက ဒေါသနည်းဖို့ ၊ကရုဏာအားကောင်းဖို့ ၊ ဘာဝနာအလုပ်
အားထုတ်တာက မောဟနည်းဖို့ ၊ပညာအားကောင်းဖို့ ၊ခြုံလိုက်လျှင်တော့ ဒါနသီလဘာဝနာ
သုံးခုလုံးက လောဘဒေါသမောဟတွေ နည်းပါးဖို့ ၊ခေါင်းပါးဖို့ ၊ကုန်ခမ်းဖို့ သာဖြစ်သည်။
ဒါနပြုပါရဲ ၊သီလစောင့်ပါရဲ့ ၊ဘာဝနာပွားပါရဲ့ ၊ထိုဒါနသီလဘာဝနာတွေက လောဘဒေါသ
မောဟ ပွားကြောင်းတွေဖြစ်နေလျှင် ထိုကျင့်စဉ်ကရောနေပြီ၊ ထိုကျင့်စဉ်ကရှုပ်နေပြီ၊ ဘာသာရေးမှိုင်းတိုက်တယ်ဆိုတာ ထိုကျင့်စဉ်တွေဖြစ်သည်။ ဘယ်ဘုရားဆုတောင်းပြည့်သည်၊ဘယ်ဘုရား အိမ်ပင့်လျှင် လာဘ်ပွင့်သည်၊ ဘယ်ဘုရား ဘယ်လိုအဓိဌာန်ဝင်လျှင် ဘာတွေ
အဆင်ပြေမည်၊ ဘယ်အဓိဌာန်ပုတီး ဘယ်လိုစိပ်လျှင် ဘာတွေကောင်းသည်၊ ထီပေါက်မည်၊
လာဘ်ဝင်မည်၊ ရာထူးတက်မည်၊ ဈေးရောင်းကောင်းမည်၊ အိမ်ရောင်းထွက်မည်၊ အကြွေးကြေ
မည်၊ အကြွေးပြန်တောင်းရမည်၊ စသည်ဖြင့်မက်လုံးတွေပါလာလျှင် ဘာသာရေးက လမ်းချော်
သွားပြီ၊ အုတ်ရောရော၊ကျောက်ရောရောဖြစ်သွားပြီ၊ ထိုတောင်ကို မကျော်နိုင်လျှင် မူကြိုကမတက်သေး။

အလယ်တန်းဗုဒ္ဓဘာသာ
မူလတန်းဗုဒ္ဓဘာသာက ကမ္မဿကတာသမ္မာဒိဋ္ဌိနှင့် ပြည့်စုံရသည်၊ ကံသာ
ကိုယ်ပိုင်ဥစ္စာဖြစ်သည်ဟု ကံကိုသာ အဓိကထားလက်ခံယုံကြည်ရသည်။ အလယ်တန်း
ဗုဒ္ဓဘာသာက ဝိပဿနာသမ္မာဒိဋ္ဌိနှင့်ပြည့်စုံရသည်။ တရားထိုင်ရမည်၊တရားမှတ်ရမည်၊
ရုပ်သဘော၊ နာမ်သဘော၊ အနိစ္စ ဒုက္ခ အနတ္တသဘောတို့ ကို သိမြင်နိုင်သောဉာဏ်ရရှိ
အောင် ပွားများအားထုတ်ရမည်။
အထက်တန်းဗုဒ္ဓဘာသာ
အထက်တန်းဗုဒ္ဓဘာသာဟူသည် မဂ္ဂသမ္မာဒိဋ္ဌိနှင့်ပြည့်စုံလို့  သစ္စာလေးပါးကို
သိမြင်သော အရိယာပုဂ္ဂိုလ်များဖြစ်ကြသည်။ ဝိပဿနာတရားကို ကြိုးစားအားထုတ်လို့ 
ဝိပဿနာဉာဏ်တွေ ပြည့်စုံသောအခါ မဂ်ဉာဏ်သို့ ကူးသွားသည်။မဂ်ဉာဏ်ကိုရသောအခါ
သစ္စာလေးပါးကိုမြင်တော့သည်။ ထိုအခါဗုဒ္ဓဘာသာပန်းတိုင်ကို ရောက်တော့သည်။

အောက်တန်းမူလဗုဒ္ဓဘာသာ၊
ကံကိုယ်ပိုင်ရှိ မြင်သိသေချာ၊
အလယ်ထင်လင်း မြင်ရှင်းလက္ခဏာ၊
အထက်တန်းလေးခန်း မြင်သစ္စာ။

အရှင်သံဝရာလင်္ကာရ
ဓမ္မပိယဆရာတော်
Prev: Buddhist Relgion-သည် ဘာသာအားလုံးတို့ရဲ့ဘာသာ

သီတဂူဆရာတော် (သို့မဟုတ်) စာဆိုတော်ဓမ္မကထိက Oct 21, '09 4:21 AM for everyone သီတဂူဆရာတော်၏ ရဟန်းပျိုဘ၀ ပုံရိပ်

သီတဂူဆရာတော်၏ ရဟန်းပျိုဘ၀ ပုံရိပ်

From Sitagu Meeting

မိမိ၏ဇာတိရပ်ရွာ၌ ဆရာတော်၏ တရားကို အလွန် ကြိုက်သော ဦးရီးတစ်ယောက်ရှိ၏။ အာဘောင် အာရင်း သန်သန်နှင့် အပြောကောင်းလှ၏။ သူသည် ဆရာတော်၏ အကြောင်းကို မကြာမကြာ ပြော၏။ ထို့ကြောင့် မိမိသည် သီတဂူဆရာတော်ကို ကိုရင်ဘဝကပင် ကောင်းကောင်း သိနေလေတော့၏။

ဆရာတော်၏ တရားများကို နာရတာ အရသာ ရှိကြောင်း၊ ဆရာတော်သည် မိမိပြောလိုသည့် အကြောင်းအရာကို တစ်တစ်ခွခွ ပြောတတ်ကြောင်း၊ အသံသြဇာကလည်း ကောင်းကြောင်း၊ တချို့ဓမ္မကထိကများက ပြစ်ချွဲချွဲ အသံဖြင့်ဟောကြသော်လည်း ဆရာတော်က ရဲရင့် တည်ငြိမ်သောအသံဖြင့် ဟောကြောင်း စသဖြင့် ဆရာတော်၏ အကြောင်းကို ဤကဲ့သို့ ချီးမွမ်းခန်း ဖွင့်လေသည်။

''သက်ကြီးစကား သက်ငယ်ကြား''ဆိုသည့်အတိုင်း မိမိသည် ကိုရင်အရွယ် ရှိသေးရကား သူ၏ ပြောစကားများ ကို စိတ်ဝင်တစား နားထောင်ခဲ့ရပေသည်။

သူသည် နိဂုံးချုပ်ပြီဆိုရင် ပြောနေကြအတိုင်း ''ကိုရင်တို့လည်း ဆရာတော်လို ဖြစ်အောင် ကြိုးစားကြ'' ဟု တိုက်တွန်းစကားဖြင့် အဆုံးသတ်လေ့ရှိ၏။

ဒကာမကြီးတစ်ယောက်၏ ပီတိမျက်ရည်

ဆရာတော်၏တရားများကို လွန်လွန်ကဲကဲ နှစ်ခြိုက်ကြသူများကို ခဏခဏတွေ့ရပါသည်။ ထိုင်းနိုင်ငံ မှ ဒကာမ ကြီးတစ်ယောက်ဆိုလျှင် ဆရာတော်ကို တွေ့သော အခါ ဝမ်းသာပြီး ငိုပါတော့သည်။

ဆရာတော်သည် သာသနာကိစ္စတစ်ခုဖြင့် ထိုင်းနိုင်ငံ ဖယောင်းမြို့သို့ ကြွရောက်တော်မူ၏။ ပရိသတ်များ ဆရာတော်ကို လာရောက် နှုတ်ဆက်ကန်တော့ကြ၏။ ထိုအထဲတွင် ဒေါ်အေးစိန်ဆိုသည့် ဒကာမကြီးလည်း ပါလာ၏။

ထိုဒကာမကြီးသည် သီတဂူဆရာတော်ကို အလွန် ကြည်ညို၏။ ဆရာတော်၏ တရားများကို အလွန်နှစ် ခြိုက်၏။ သို့သော်ဆရာတော်ကို တစ်ခါမှ မဖူးတွေ့ဘူးပေ။ ယင်းသို့ဖြစ်ရကား ဆရာတော်ကိုဖူးတွေ့ နေပါသော်လည်း ''ငါ သီတဂူဆရာတော်ကို ဖူးနေတာပဲ''ဟု မသိရှိပေ။

ထို့ကြောင့် ဒကာမကြီးက ''တပည့်တော်ဟာ ခရီး သွား ခရီးလာများမှတဆင့် မှာယူ၍ မြန်မာပြည်မှ တရားတိတ်ခွေများ နာရပါတယ်၊ ယခုလို မြန်မာဘုန်းတော်ကြီးများ ရောက်ရှိလာတော့ ဖူးရတာအလွန်ပင် ဝမ်းသာ မိပါတယ်ဘုရား''ဟု ဆရာတော်ကို လျှောက်၏။

''ဟုတ်တာပေါ့၊ နိုင်ငံရပ်ခြားမှာနေကြတဲ့ မြန်မာ လူမျိုးတွေဟာ ဘုန်းကြီးသံဃာတော်များကို သိပ်ဖူးချင် ကြတယ်၊ အမျိုးဘာသာသာသနာကို ချစ်တဲ့စိတ်ရှိလို့ပါပဲ၊ ဒါကိုဝံသာနုစိတ်လို့ခေါ်ပါတယ်၊ ဘုန်းကြီးတို့ အားရကျေ နပ်မိပါတယ်''။

''မှန်ပါဘုရား၊ ဆရာတော်ကို တစ်ခုလောက် အကူ အညီ တောင်းချင်ပါတယ်''။

''ရပါတယ် ဒကာမကြီး၊ ဘုန်းကြီး ကူညီမှာပေါ့''။

''တပည့်တော်ဟာ ဘဝတန်ဖိုးနဲ့ နိယာမငါးပါး တရားကို ဟောကြားတဲ့ သီတဂူဆရာတော်ကို ထိုင်းနိုင်ငံသို့ ပင့်ချင်ပါတယ်၊ ဒါကြောင့် သီတဂူဆရာတော်ကို မရရ အောင်ပင့်ပေးပါဘုရား''။

''ဒကာမကြီး သီတဂူဆရာတော်ဆိုတာ အခြားမဟုတ်ဘူး၊ အခုဒကာမကြီးရှေ့က ဘုန်းကြီးပါပဲ''ဟု ဆရာ တော်ကအမိန့်ရှိလိုက်သောအခါ ဒကာမကြီး ဒေါ်အေးစိန်သည် သီတဂူဆရာတော်မှန်း သိသွားပြီး ရှိုက်ကြီး တငင် ငိုကြွေးပါတော့သည်။

ဆရာတော်က ''ဒကာမကြီး ဘာကြောင့် ငိုနေ သလဲ၊ ဒါ ငိုစရာမဟုတ်ပါဘူး''ဟု ပြောလိုက်၏။

''ဆရာတော် တပည့်တော်ဟာ ထိုင်းနိုင်ငံရောက်တာ နှစ်ပေါင်း ၄ဝ-ကျော်ပြီ၊ မြန်မာနိုင်ငံကို တစ်ခေါက်မျှ ပြန်မရောက်တော့ဘူးဘုရား၊ မြန်မာဆရာတော်များ၏ တရားတိတ်ခွေများ အမြဲနာကြားနေရာက ဘဝတန်ဖိုး တရားဟောကြားတဲ့ ဆရာတော်ကို ဖူးတွေ့လိုတဲ့ဆန္ဒ ပြင်းပြင်းပြပြ ဖြစ်နေတယ်၊ ဒါပေမဲ့ မြန်မာနိုင်ငံကို မပြန်နိုင်ဘူး၊ ဒါကြောင့် ဒီတစ်သက်တွင် ဖူးတွေ့ရတော့မှာ မဟုတ်ဘူးလို့ ထင်နေတယ်၊ ယခုလို မမျှော်လင့်ပဲ ဖူးတွေ့ရလို့ ဖော်မပြနိုင်လောက်အောင် ဝမ်းသာမိပါတယ်ဘုရား၊ ဝမ်းသာကြည်နူးလွန်းလို့ တပည့် တော် ငိုမိတာပါဘုရား''ဟု အားရပါးရ လျှောက်ထားလေ၏။

နိုင်ငံရပ်ခြား တိုင်းတပါးသို့ ရောက်ရှိနေသော်လည်း အမျိုး, ဘာသာ, သာသနာကို ချစ်မြတ်နိုးသည့် ဒကာမကြီးဒေါ်အေးစိန်၏ စိတ်ဓာတ်မျိုးကား မြန်မာလူမျိုးတိုင်း ရှိသင့်သည့်စိတ်ဓာတ်ပင် ဖြစ်၏။ ထိုဒကာ မကြီးကဲ့သို့ သီတဂူဆရာတော်ကို အလွန်အမင်း ကြည်ညိုနေသည့်သူများကား အနယ်နယ်အရပ်ရပ်မှာ ပေါများလှပါသည်။

မိမိလည်း ရှင်သာမဏေ ကိုရင်ဘဝက ''သဲကုန်း ဆရာတော်၊ သီတဂူဆရာတော်'' ဟူသော နာမည်ကို ထပ် ချည်းတလဲလဲ ကြားနေရသော်လည်း ဆရာတော်ကိုကား တစ်ခါမှ မဖူးတွေ့ဘူးသေးပေ။

တိုက်တိုက်ဆိုင်ဆိုင် မန္တလေးသို့ သာမဏေကျော် စာမေးပွဲသွားရောက် ဖြေဆိုမှပင် ဆရာတော်၏ တရားကို ကိုယ်တိုင် ကိုယ်ကျ နာရလေသည်။ စည်ကားလှသော ပရိသတ်ကြီးနှင့် ဘေးပတ်ပတ်လည်၌ ဝန်းရံလျက်ရှိသော သံဃာတော်များကို အံ့မခန်း တွေ့ရလေ၏။ စိတ်ထဲမှာလည်း ''သြော် သီတဂူဆရာတော် ဆိုတာ ဒီဆရာတော်ပဲကိုး''ဟု အလိုလို ရေရွတ်မိလေသည်။

မှတ်မိနေသည့် သြဝါဒ


မိမိသည် ၁၃၆၃-ခုနှစ်, ဝါဆိုဦးတွင် သီတဂူဆရာတော်၏ ခြေတော်ရင်းသို့ ရောက်ရှိခဲ့ပါသည်။ ထိုအချိန်က အိန္ဒိယတက္ကသိုလ်အသီးသီး၌ ပညာသင် ပို့လွှတ်ထားသော တပည့်များမှာ ၈-ပါးရှိပြီး သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်၌ သီတင်းသုံးလျက်ရှိသော ဆရာတော်၏ အနီးနေတပည့်များမှာကား ၁ဝ-ပါးခန့်မျှသာ ရှိပါသည်။

ထိုနှစ် ဝါဆိုဦး၌ဆရာတော်က ''ငါ တပည့်တွေ အခုလိုရောက်လာတဲ့အတွက် လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါ တယ်၊ ငါ့တပည့်တွေကို လုပ်ဖေါ်ကိုင်ဖက်လို သဘောထားပါတယ်၊ သီတဂူပရဟိတအလုပ်တွေကို ငါတို့ စွမ်းနိုင်သမျှ လုပ်မယ်လို့စိတ်ထဲမှာ ခံယူချက်ရှိကြဖို့ကိုလည်း တဆက်တည်း ပြောကြားလိုပါတယ်''ဟု မိန့်တော်မူ၏။

ယင်းသြဝါဒစကားကို အခုချိန်ထိ ကြားယောင်မိ၏။ဆရာတော်ကား တပည့်တွေကို ''လက်အောက် ငယ်သား''လို သဘောမထား၊ ''လုပ်ဖေါ်ကိုင်ဘက်''လို သဘောထား၏။ ဤကားဆရာတော်၏ သင်္ဂဟ (ချီးမြှောက်မှု)တရားပင်တည်း။ တန်းတူရည်တူ ဆက်ဆံခြင်းသည် သင်္ဂဟတရားပင် မဟုတ်လော။ အောင်မြင်လိုသော ဆရာများ အတုယူသင့်လှ၏။

ဆရာတော်သည် ယင်းကဲ့သို့ စည်းရုံးရေး (သင်္ဂဟ) ကောင်းသောကြောင့်ပင် သီတဂူရေအလှူ, ဆေးရုံအလှူ, တက္ကသိုလ်အလှူစသော ပရဟိတလုပ်ငန်း များ တဟုန်ထိုး အောင်မြင်ခြင်း ဖြစ်ပေသည်။

တချို့က အလုပ်လုပ်လျှင် မှန်မှန်ကန်ကန်လုပ်၏။ တိတိကျကျလုပ်၏။ သို့သော် အပြောအဆို မလိမ္မာသော ကြောင့် တပည့်, ဒကာ, ဒကာမတို့နှင့် အဆင်မပြေ ဖြစ်ပြီး အောင်မြင်မှု မရရှိကြပေ။ ယင်းသို့ ဖြစ်ရခြင်းမှာ ချီးမြှောက်မှု သင်္ဂဟတရားကို မေ့နေသောကြောင့်ပင်တည်း။


ဆရာတော်၏ ပညာဒါန

ဆရာတော်သည် သံဃာတော်များ၏ ပရိယတ္တိပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲဖို့ စိတ်ဝင်စား၏။ ရဟန်းတော်များကို ခေတ်နှင့်အညီရင်ဘောင်တမ်းနိုင်အောင် ကြိုးစားစေချင်၏။ မိမိတို့၏ ဘာသာသာသနာကို တည်တန့်ခိုင်မြဲအောင် လုပ်နိုင်ဖို့အတွက် အစစအရာရာ တတ်စေချင်၏။ ဘာသာခြားများထက် ထူးချွန်စေချင်၏။ ပိဋကတ်စာပေနှင့် ဘာသန္တရစာပေနှစ်မျိုးလုံးကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက် စေချင်သည့်ဆန္ဒမှာ သူမတူအောင် ကြီးမားလှပေသည်။

ထို့ကြောင့် နိုင်ငံတကာ တက္ကသိုလ်ကြီးများ, ကောလိပ်များသို့ သွားရောက်၍ သူတို့၏ပညာရေး စနစ်ကိုလေ့လာ၏။ အကဲခတ်၏။ အားနည်းချက်, အားသာချက် တို့ကိုမြင်အောင်ကြည့်၏။ အထူးအားဖြင့် ဆိုင်ရာဆိုင်ရာ တက္ကသိုလ် ကောလိပ်တို့၌ ပို့ချပေးသည့် သင်ရိုးညွှန်းတမ်းများကို ပို၍လေ့လာ၏။

နောက်ပြီး ပညာရေးကြိုးစားသူကို ဆရာတော်သည် အားပေး၏။ ထောက်ပံ့၏။ ဆရာတော်သည် ပြည်တွင်း၌ ဆေးတက္ကသိုလ်ကျောင်းသား, ကျောင်းသူများကို စရိတ်ထောက်ပံ့၍ ပံ့ပိုးလျက်ရှိ၏။ အိန္ဒိယ, သိရီလင်္ကာစသော နိုင်ငံရပ်ခြား တိုင်းပြည်များ၌လည်း တပည့်ရဟန်းတော်များကို ပညာသင်ပို့လွှတ် ထားသည်မှာ လောလောဆယ်မှာ အပါး ၂၀-ကျော်ရှိပေသည်။

မိမိအိန္ဒိယသို့ ဝါဆိုသည့် ၁၃၆၉-နှစ်၌ ဆရာတော်သည် နောက်လိုက် ဒကာ, ဒကာမ ၇ဝ-လောက်နှင့်တကွ အိန္ဒိယနိုင်ငံသို့ ကြွရောက်တော်မူလာ၏။ ဆရာတော်သည် ဒကာ,ဒကာမများနှင့်တကွ သာသနာထွန်းကာစဖြစ်နေသည့် အိန္ဒိယနိုင်ငံ တြိပူပြည်နယ်၌ ဘုရားတည်ရန်အတွက် အလှူတော် ငွေများကိုလည်း ပေး အပ်လှူဒါန်းခဲ့၏။

ထို့အပြင် ဗုဒ္ဓဂယာရှိ မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့ပိုင် ကျောင်းတော်ကြီး၌ အိန္ဒိယနိုင်ငံ ရောက် မြန်မာကျောင်းသား ရဟန်းတော် ၂၃၁-ပါးကိုလည်း ဆရာတော်နှင့် သီတဂူသာသနာပြုအဖွဲ့သည် တစ်ပါးလျှင် အမေရိကန် ဒေါ်လာ ၁ဝဝ-စီ လှူဒါန်းခဲ့၏။

ဆရာတော်က တပည့်ကျောင်းသားရဟန်းတော်များ ကို အမိန့်ရှိသေး၏။ ''တစ်ပါးလျှင် ဒေါ်လာ ၁ဝဝ-စီ လှူ ရတာကို ငါ စိတ်မကောင်းဘူးကွာ၊ ဘာ့ကြောင့်လဲဆိုရင် ဒီထက်ပိုပြီးမလှူနိုင်လို့ပဲ၊ ငါ့တပည့်တွေ ကြိုးစားကြ၊ 'ဒီက ပြန်ရင် နိုင်ငံနှင့်သာသနာကို ဘယ်လိုကျေးဇူးဆပ်မလဲ'လို့ ကိုယ့်ကိုယ်ကို ပြန်မေးကြ၊ ဒီမေးခွန်းကို မဖြေနိုင်သေးဘူး ဆိုရင်ဒီမှာလာရတာ အကျိုးမများလှဘူး၊ ဒေါ်လာရင်းပြီးတော့ လာကြတာဆိုတော့ ဒေါ်လာနှင့်ထိုက်တန်တဲ့ ပညာကို ရအောင်ယူကြ၊ သာသနာမှာ အလုပ်လုပ်တဲ့လူ နည်းသေးတယ်၊ ဒီကွက်လပ်ကို ငါ့ရှင်တို့က ဖြည့်ဆည်းပေးရမယ်၊ ငါ့တပည့်တွေ ဒီမှာ'ကျောင်းသားအဖွဲ့'ကိုဖွဲ့စည်းကာ ကိုယ့် ခြေထောက်ပေါ် ကိုယ်ရပ်တည်နေကြတာကို ကြည့်ပြီး ငါ အတော်လေး အားရကျေနပ်မိတယ်၊ ညီညွတ်ခြင်းရဲ့ ပြယုဂ်ပဲ၊ ငါရှင်တို့လည်း ခြေလှမ်းကြဲကြဲလှမ်းကြ၊ ဒါမှသူများ နောက်မီမှာ၊ နောက်နှစ်နောက်နှစ်တွေမှာလည်း စာသင်သား ရဟန်းတော်တွေ ဘယ်လောက်များများ ငါအနေနဲ့ ထောက်ပံ့သွားဦးမှာပါ''ဟု သြဝါဒစကားကို လည်း မိန့် တော်မူခဲ့ပါသည်။

ဆရာတော်နှင့် သီတဂူသာသနာပြုအဖွဲ့သည် မြန်မာကျောင်းသား ရဟန်းတော်များကို နှစ်စဉ် တစ်ပါးလျှင် ဒေါ်လာ ၁ဝဝ-စီ လှူဒါန်းခဲ့သည်မှာ ၇-နှစ်ရှိသွားပေပြီ။ ''အခြေခံပညာရေးအုတ်မြစ်''ကို တည်ဆောက် နေခြင်းပင်ဖြစ်ပေသည်။

ဆရာတော်၏ lecture

ဆရာတော်သည် သီတဂူဗုဒ္ဓတက္ကသိုလ်၌ တပည့်ရဟန်းတော်များကို ဝိသုဒ္ဓိမဂ်၊ မဟာသတိပဋ္ဌာန သုတ်၊ နိကာယ် ကျမ်းကြီးများမှ စင်္ကီ, ရဋ္ဌပါလစသော သင့်လျော်ရာရာ သုတ်များကို ပို့ချ၏။

သုတ်တစ်သုတ်၏ ဆိုလိုရင်းအနှစ်ချုပ်, အဓိပ္ပါယ်, ဝါဒန္တရ, အာစရိယဝါဒများကို အဋ္ဌကထာ, ဋီကာအဖွင့်များ နှင့် ရောနှောမွှေနှောက်၍ ပို့ချလေ၏။ တခါတရံ ရာဇဝင်, သာသနာဝင်တို့နှင့် ပတ်သက်သော သမိုင်းဖြစ်စဉ်များကို လည်း ဗုဒ္ဓသာသနိက ပထဝီ(မြေပုံ)ကို ထောက်ပြ၍ ပို့ချ ၏။

ထိုကဲ့သို့ အနှစ်အသားပါလှသော, အာဂမယုတ္တိ သဘာဝယုတ္တိရှိလှသော ''စာပေအယူအဆ'' များကို သိရှိရ သောအခါ ''သြော် ဆရာတော်ဟာ အဟောကောင်းရုံ အပြောကောင်းရုံ သက်သက်မျှသာ ဖြစ်သော ဓမ္မကထိက မဟုတ်၊ တကယ့် နိကာယ်ကျမ်းကြီးများကိုလည်း ကျွမ်းကျင်တတ်မြောက်သည့် စာဆိုတော် ဓမ္မကထိကပါလား''ဟု စိတ်ထဲမှာ အလိုလို မှတ်ချက်ချမိသည်။

အချို့ဓမ္မကထိကသည် အသံကောင်း၍ အောင်မြင်၏။ အသံတော်ကား နားဝင်ချိုလှရကား ကြားရသူ လူအများ ကြက်သီးမွေးညင်းများပင် ထကြသတတ်။ သူ့ပါရမီနှင့်သူပင်တည်း။ သို့သော်အဆွဲအငင် များလွန်းသည့် အသံကို တော့ ပညာရှိသူတော်ကောင်းများ နှစ်ခြိုက်တော်မမူကြ။

အချို့ကား အပြောကောင်း၍ကျော်ကြား၏။ ဇာတ် နိပါတ်များလာ ဖြစ်စဉ်များကို အလွမ်း, အဆွေးတို့ဖြင့် တန်ဆာဆင်ပြီး ဟောလိုက်ရာ တရားနာသူပရိသတ်များသည် မျက်ရည်များတောင် ယိုစီးကြသတတ်။ သူ့စန်းနှင့်သူပင်တည်း။ သို့သော် အပိုအဆာ များလွန်းလျှင်ကား လူကြီးလူကောင်းများ နားရှက်တော်မူကြ သည်။

မည်သို့ဖြစ်စေ၊ ဓမ္မကထိကများ သတိထားရမှာကား သီတဂူဆရာတော်ကဲ့သို့ စာပေနှံ့စပ်အောင် ကြိုးစားပြီး ''စာဆိုတော်ဓမ္မကထိက'' ဖြစ်အောင် ကြိုးစားဖို့ပင်တည်း။ သို့မဟုတ်ပါက မင်းပွဲစိုးပွဲများ, နိုင်ငံတကာ ဗုဒ္ဓဘာသာ အစည်းအဝေးပွဲများ၌ ဟောပြောရသည့်အခါ ''အိုးနင်းခွက်နင်း'' ဖြစ်တတ်ပေသည်။

ဆရာတော်သည် ပြည်ပရောက်သည့်အခါမှာလည်း တက္ကသိုလ်ကောလိပ် မြောက်မြားစွာတို့၌ ဆရာများနှင့် ကျောင်းသူ, ကျောင်းသားများကို lecture ပို့ချပေးလေ့ရှိပါသည်။ အိန္ဒိယရောက်ခဲ့စဉ်က နာလန္ဒာတက္ကသိုလ်၌ ပါမောက္ခများနှင့် ကျောင်းသား, ကျောင်းသူများ ကိုလည်း သီးသန့် lecture တစ်ခု ပို့ချခဲ့သည်။ ပါမောက္ခများနှင့် ကျောင်းသား, ကျောင်းသူများ အထူးနှစ်ခြိုက်သည်ကို တွေ့ရပါသည်။

ဗာရာဏသီမြို့ B. H. U တက္ကသိုလ်ကလည်း ဆရာတော်ကို lecture တစ်ခု ပို့ချပေးဖို့ လျှောက်သေး ၏။ သို့သော် အချိန်မရသဖြင့် ဆရာတော် မပို့ချခဲ့ရပေ။ ယနေ့အိန္ဒိယပြည်ကြီး၌ အထူးကျော်ကြားပြီး နာမည်ကြီးလျက်ရှိသော ပုနေးတက္ကသိုလ်မှ ပါမောက္ခကြီး ဆရာကြီးတစ်ယောက်ကလည်း ဆရာတော်ကို တက္ကသိုလ်မှာ lecture တစ်ခု ပို့ချပေးဖို့ ကမ်းလှမ်းခဲ့သေး၏။ ထိုလျှောက်ထားချက်ကိုလည်း “နောင်တစ်ခေါက် အဆင်ပြေမည့်အချိန်ကြမှ ပို့ချပေးမည်”ဟု အကြောင်းပြန်ခဲ့ ရပါသည်။

မည်သည့်နေရာရောက်ရောက် ဆရာတော်ကိုပင့် ဖိတ်ချင်သူများကို မြောက်မြားစွာ တွေ့ရပါသည်။ ထို့ ကြောင့် ဆရာတော်က ''အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်ပေါင်း များစွာကို lecture ပေးဖို့အတွက် အိန္ဒိယကို တစ်ခေါက် လောက် သီးသန့် လာဦးမယ်ကွာ'' ဟု မိမိကို မိန့်မြွက်တော် မူ၏။

''ပညာရှိများဟာ မည်သည့်နေရာ ရောက်ရောက် အပူဇော်ခံရတယ်''ဟူသော နီတိဆရာများ၏ အဆိုအမိန့် သည် ပြည်တန်ပတ္တမြားကဲ့သို့ တန်ဖိုးဖြတ်၍ မရနိုင်ပါ တကား။

vvv

သက်သတ်လွတ်စားတာ ကုသိုလ် ရပါသလား

သက်သတ်လွတ်စားတာ ကုသိုလ် ရပါသလား ဟု
မေးလာခဲ့လျှင်ကား
သတ္တ၀ါတွေကို သနားဂရုဏာထားသောအားဖြင့်
သနားကြင်နာသောအားဖြင့် သက်သတ်လွတ်စားတာဆိုလျှင်
ကုသိုလ်ရပါသည်ဟု ဖြေရပါလိမ့်မည်။
ထိုစိတ်ထားမျိုးကို မွေးနိုင်လျှင်ကား
သူတော်ကောင်းတို့ ချီးကျူးထိုက်ပါသည်။
အမှန်ပင် လေးစားစရာလည်း ကောင်းပါသည်။

တချို့က ကျန်းမာရေးကြောင့် အသားကိုစာခြင်းမှ ရှောင်ကြဉ်ပြီး
သတ်သတ်လွတ်စားတာဟု အများအလည်၌ ဂုဏ်ယူဝင့်ကြွားပြီး
အများကိုပါ သက်သတ်လွတ်စားဖို့ တိုက်တွန်းမူ့များရှိနေခဲ့လျှင်ကား
ထိုထိုသို့သော စကားတို့၌ ထောက်ခံမပေးနိုင်ချေ။

တချို့က သက်သတ်လွတ်စားတယ်ဟုဆိုကြ၏
သို့သော်လည်း ဂျုံဖြင့် လုပ်ထားသော
အသားတု ဟုဆိုအပ်သော အရာတို့ကို
စားကြ၏။
ဘယ်လိုစိတ်မျိုးထားပြီး အသားတုကို စားကြသလဲဟူမူကား
လူတို့၏ စိတ်ကို မသိနိုင်သဖြင့် သေချာတပ်အပ်မပြောနိုင်ပါ။
ဂျုံဖြင့်လုပ်ထားသော အသားတု ကို စားနေသော်ငြား
ထို အသားတု အပေါ်၌ ကြက်သားအမှတ် အသားငါးအမှတ်ဖြင့်
စားနေလျှင်ကား
ထိုပုဂ္ဂိုလ်သည် သက်သတ်လွတ်ကို စားလေ့ရှိသူဟုကား မဆိုနိုင်အပ်ဘူးလို့
ထင်ပေ၏။

တချို့က ဆိုကြပြန်သေး၏
သတ်သူနှင့် စားသူ အပြစ်အတူတူဟု ပြောကြသူများလည်း
တွေ့ရတတ်ပါသည်။

ဤနေရာ၌ ပါဏာတိပါတကံ မြောက်သောတရားများကို ထုတ်ပြပါမည်။

၁။ အသက်ရှိသတ္တ၀ါဖြစ်ခြင်း၊
၂။ သတ္တ၀ါဟူသော အမှတ်လည်းရှိခြင်း။
၃။ သေစေလိုသော စိတ်ရှိခြင်း၊
၎။ သတ်အံသော လုံးလ ပယောဂရှိခြင်း၊
၅။ လုံးလပယောဂကြောင့် သေခြင်း ဟူသော အင်္ဂါ (၅)ပါးနှင့် ပြည့်စုံလျှင်
ပါဏာတိပါတကံထိုက်၏။

သူတပါးအသက်ကို ကိုယ်တိုင်မသတ်သော်လည်း
၁။ သူတပါးကို ပြုလုပ်စေသောကံ၊
၂။ သူတပါးတို့ အလိုအလျောက်သတ်နေသည်ကို နှစ်သက်သောကံ၊
၃။ ပါဏာတိပါတနှင့် ပါတ်သက်ပြီး လောကီအကျိုးစီးပွားတို့ကို ချီးမွမ်းပြောဆိုသောကံ ဟူသော
ကံတို့တွင် တစ်ခုခုသော ဒုစရိုက်ကံကို ပြုလုပ်မိပါက
ပါဏာတိပါတကံ ထိုက်၏။


သတ်သူနှင့် စားသူ အပြစ်အတူတူပဲဟု
အယူအဆမျိုးရှိခဲ့မည်ဆိုလျှင် ထိုအယူအဆမျိုးကို
မယူမိစေရန် ဖြေရှင်းရအံ့
စားသုံးသူသည် ဈေးမှ သတ်ပြီးသား၊ သေပြီးသား၊ ပံ့သုကူအသားကို ၀ယ်ယူစားသုံးခြင်း
ဖြစ်ခြင်းကြောင့်
သတ်ရန် စေခိုင်းတိုက်တွန်းသူလဲ မဟုတ်၊
သတ်နေသည်ကို နှစ်သက်သဘောတူ ကျေနပ်အားရသူလည်းမဟုတ်၊
သတ်ရန်ချီးမွမ်းစကား ပြောကြားနေသူလည်းမဟုတ်ပေ။

ထို့ကြောင့် စားသူနှင့်သတ်သူ အပြစ်မတူပေ။
စားသုံးသူ၌ အပြစ်လုံးဝမရှိပေ။
သတ်သူနှင့် စားသူ အပြစ်အတူတူပဲဟု
အယူအဆမျိုးရှိခဲ့မည်ဆိုလျှင် ထိုအယူအဆမျိုးကို ယူထားသူသည်
နိဂဏ္ဍ(ဒိဌိ) တို့ အယူဝါဒသာလျှင် ဖြစ်သည်။

ရဟန်းတွေ သက်သတ်လွတ် စားဖို့ ဘုရားရှင်အား
ဒေ၀ဒတ်ကိုယ်တိုင် တိုက်တွန်းခဲ့ဘူး၏။
ဘုရားရှင်ကိုယ်တိုင် ထိုစကားကို လက်မခံခဲ့ပေ။
လှူတန်းတဲ့သူရှိရင် (အသားကြိးဆယ်မျိုးမှ လွဲလျှင် )စားနိုင်၏။
ဘုရာရှင် ခွင့်ပြုခဲ့ပေ၏။

ထို့ကြောင့် အသားငါးကို စားသုံးနေတာလဲ အကုသိုလ်မဖြစ်ပေ။
သက်သတ်လွတ်စားတာရော ကုသိုလ်ရလားလို့ မေးဖွယ်ရှိ၏
အပေါ်မှာ ဆိုခဲတဲ့အတိုင်း စိတ်ထားတတ်လျှင် ကုသိုလ်ရပေ၏။
အသားစားခြင်း၌ ရှောင်လိုက ရှောင်။
စားလိုက စားနိုင်၏။
ထိုအကြောင်းအရာတို့၏ အပေါ်၌ အကျယ်ချဲ့၍ ဆိုဖွယ်ရာမရှိပြီ။

0 comments

သူရဿတီမယ်တော် ဆိုတာဘယ်သူလဲ



သူရဿတီမယ်တော် ဆိုတာ တကယ်ရှိသလား မရှိဘူးလား ဆိုတာတော့ တိတိကျကျ မသိပါဘူး
သိရသလောက်တော့ သူရဿတီ ဆိုတာ အိန္ဒိယက ဟိန္ဒူ ယဉ်ကျေးမူ့ ဗုဒ္ဓဘာသာ နဲ့ ရောပါလာတာကို
တချို့ မြန်မာတွေက ဗုဒ္ဓဘာသာ ယဉ်ကျေးမူ့ ထင်မှတ်ပြီး ကိုးကွယ်နေကြတယ်လို့ ထင်ပါတယ်
ဟိန္ဒူဗြဟ္မဏဘာသာ မှာ နတ်ဘုရားသုံးဆူ ရှိပါတယ်။
မဟာဗြဟ္မာ၊ ဗိဿနိုး၊ သိဝ လို့ ခေါ်ကြပါတယ်၊ မဟာဗြဟ္မာ က ကမ္ဘာလောက နဲ့ သတ္တ၀ါတွေကို
ဖန်ဆင်းတယ်လို့ ဆိုပါတယ်။
ဗိဿနိုးက လောကကို ထိန်းသိမ်းစောင့် ရှောက်ပါတယ်
သိဝ က ဖျက်ဆီးပါတယ်။
ဖန်ဆင်းရှင် မဟာဗြဟ္မာ ရဲ့ ကြင်ရာတော်က ဆရဆွတီ၊ ပါဠိဘာသာ နဲ့တော့ သရဿတီ
အများခေါ်ကြတာက သူရဿတီ၊
ဗိဿနိုး ရဲ့ ကြင်ယာတော်က လက္ချမီ၊
သိဝ ရဲ့ ကြင်ယာတော်က ပဗ္ဗတီ အဲဒီလို အသီးသီး ရှိကြပါတယ်။

မဟာဗြဟ္မာ ရဲ့ စီးတော်ယာဉ်က ဟံဆ၊ ပါဠိ လို ဟံသ မြန်မာလိုတော့ ဟသာင်္
သူရဿတီ မှာတော့ စိးတော်ယာဉ် ရှိတယ်လို့ မတွေ့မိပါဘူး
သို့သော်လည်း မဟာဗြဟ္မာ မှာ စီးတော်ယာဉ်ရှိနေရင် သူ့ရဲ့ ကြင်ယာတော် သူရဿတီမှာ
ယာဉ်သီခြားရှိဖို့ မလိုတော့ပါဘူး။ ဒါဟာ လောက သဘာဝ ပါပဲ


ဟံသ ဆိုတဲ့ စကားကို အိန္ဒိယ က swan လို့ အင်္ဂလိပ် လို ဘာသာပြန်ကြပါတယ်
swan ကို မြန်မာက ငန်း၊ ငန်းဘဲ လို့ မြန်မာမူ ပြုကြပါတယ်။
ဒီတော့ ပင်ရင်းကျတဲ့ အိန္ဒိယ သားတို့ မယူအဆကို လက်ခံရမယ်ထင်ပါတယ် ပြီးတော့ အိန္ဒိယ က
မဟာဗြဟ္မာ ရုပ်ပုံတွေမှာလဲ စိးတော်ယာဉ်ကို ငန်းဘဲ ရုပ်နဲ့ ပဲ ပြထားပါတယ်။

နောက်သမိုင်းတခု က ဆိုထားပါသေးတယ်
မှန်တယ် မမှန်ဘူး ဆိုတာတော့ သေချာမသိပါဘူး သူရဿတီ ဟာ လင်ကောင်မပေါ်ဘဲ မွေးလာတဲ့
ကောင်မလေးပါ သူ့ကို အမျိုးယုတ်တယ် ဆိုပြီး မြစ်ထဲမှာ သစ်ဖောင်ကလေးပေါ်တင်ပြီး
ငန်းဘဲ တစ်ကောင်နဲ့ အတူ မျှောလိုက်ပါတယ်၊ မြစ်ထဲမှာ မျှောချင်ရာ မျှောနေပြီး တနေ့မှာ
ပုဏ္ဏားတွေ နေတဲ့ ရွာတရွာမှာ သောင်တင်ခဲ့ပါတယ်၊ ထိုနှစ်မှာပဲ အဲဒီရွာလေးမှာ သီနှံ စပါး များ ခါတိုင်း
နှစ်များနှင့် မတူဘဲ အထွက်တိုးပြီး စီးပွါးဖြစ်ခဲ့တဲ့ အချိန်နဲ့ တိုက်ဆိုင်ခဲ့ပါတယ်
အသိညဏ် မဖွံ့ဖြိုးသေးတဲ့ ရွာသားတွေဟာ ဒီကောင်မလေး ရောက်လာလို့ ငါတို့ရွာမှာ
ဆန်ရေစပါး ရတာ သူဟာတန်ခိုးရှင်ပဲ လို့ သတ်မှတ်ပြီး ကိုးကွယ်ကြပါတယ်
နောင်ကြာလာတဲ့ အခါမှာ ပုဏ္ဏားတွေက သူ့ကို ဗေဒင် ဝေဒ သုံးပုံကို စောင့် ရှောက်တဲ့ သူလို့
လုပ်ကြံဖန်တီးပြီး ကိုးကွယ်မူပြုကြပြန်ပါတယ်
လိုရင်းကတော့ အခုပြောခဲ့တဲ သူရဿတီ ဟာ ဗုဒ္ဓဘာသာနဲ့ လုံးဝ မသက်ဆိုင်ဘူးဆိုတာ
စာပေလေ့လာလိုက်စားတဲ့ သူတိုင်းသိကြပါတယ်။


မြန်မာပြည်ထဲမှာ

ထို ဆိုခဲ့တဲ့ သူရဿတီ ဟာ မြန်မာပြည်ထဲကို ဘယ်လိုရောက်လာတယ် မသိပါဘူး
မြန်မာပြည်မှာတော့ ဟင်္သာစီးလျက် တွေ့ရပါတယ်
ရင်နာစရာ ကောင်းတာက သူရဿတီ ဟာ ပိဋကတ် သုံးပုံကို စောင့်ရှောက်တယ် လို့ ပြောဆိုကြတာပါ
သူက ဘာကောင်မ မို့ ပိဋကတ် သုံးပုံကို စောင့်ရှောက်နိုင်ရမှာလဲ
စောင့်ပဲ စောင့်ရင် ချီးပုံ စောင့်တာပဲ ဖြစ်မှာပါ၊ ဒါကို သိရဲ့သားနဲ့ သာသနာ နဲ့ ပတ်သက်တဲ့ သက်ဆိုင်ရာ
ပုဂ္ဂိုလ်တွေက မရှင်းလင်းကြတာ တော့စိတ်ပျက်စရာပါ တချို့ ဗုဒ္ဓဘာသာ စာအုပ်တွေထဲမှာ သူရဿတီ
ဂါထာ ဆိုပြီး ထိုဂါထာကို ရွတ်ရင် စာမေးပွဲအောင်မယ် အန္တရာယ်ကင်းမယ် စတဲ့ မဟုတ်မမှန်တာတွေပြောထားပြီး အမွန်းတင်ထားတာတွေလဲ အများကြီးပါ ဒါတွေကို ရှင်းလင်းဖို့တော့ လိုနေပါပြီ
နာမည်အကြီးဆုံး ဘုရားတဆူ ဖြစ်တဲ့ ဗိုလ်တစ်ထောင် ဘုရားမှာ သူရဿတီ ကို ထည်ထည်ဝါ၀ါ ကို လုပ်ပေး
ထားတာက စိတ်မကောင်းစရာပါပဲ ဒါကို မသိဘဲ မြန်မာတွေ က သူ့ကို ပိဋကတ် သုံးပုံစောင့်ရှောက်တဲ့ သူဆို
ပြီး မှားယွင်းစွာနဲ့ ကိုးကွယ်မူ ပြုကြပါတယ်
ဒါကို လုံးဝ မကိုးကွယ်ထိုက်ပါဘူး
ဟိန္ဒူအယူဝါဒ ကို ကိုးကွယ်တဲ့ သူလား ဗုဒ္ဓဘာသာစစ်စစ် ကို ကိုးကွယ်တဲ့သူလားဆိုတာတော့
မြန်မာတွေ မိမိကိုယ်ကို ဆန်းစစ်တတ်ဖို့ လိုပါတယ်


0 comments